Tuesday, September 24, 2013


ဆီးရီးယားမှာ အိုဘားမား အောင်မြင်တဲ့လမ်းပေါ်ရောက်နေတယ်

Photo

ပုံစံဒီဇိုင်းကြောင့်ဖြစ်စေ၊ အမှတ်မထင်တိုက်ဆိုင်မှုကြောင့်ပဲဖြစ်စေ လမ်းကြောင်းဘယ်လို ကောက်ကွေ့နေပါစေ အိုဘားမားအစိုးရဟာ ဆီးရီးယားကိစ္စမှာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖြစ်နိုင်ခြေရှိတာထက်တောင် ပိုကောင်းတဲ့နေရာမှာ ရောက်နေပါတယ်။
ဆီးရီးယားဓာတုလက်နက်တိုက်တွေကို ဖယ်ရှားဖို့ တတ်နိုင်ရင်ဖျက်ဆီးပစ်ဖို့ရာ ရုရှားနိုင်ငံရဲ့ကမ်းလှမ်းမှုကို စမ်းသပ်လိုက်တာဟာ သမ္မတအနေနဲ့ အမြော်အမြင်ကြီးတယ်လို့ ဆိုရပါမယ်။ တကယ်တမ်းလည်း အဲဒီကမ်းလှမ်းမှုကနေပြီး တစ်ခါတစ်ရံမှာ ရှုပ်ယှက်ခတ်နေတတ်တဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒကနေ ကြည်လင်ပြတ်သားမှုအချို့ ပေါ်ထွက်လာစေခဲ့ပါတယ်။ သမ္မတအနေနဲ့ ဒီအခြေအနေကို နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအနေသို့ ပြောင်းလဲဖို့ဆိုရင် ဒီကြည်လင်ပြတ်သားမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါလိမ့်မယ်။
ဆီးရီးယားနိုင်ငံမှာ ကြားဝင်ဖြေရှင်းတာနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ ငြင်းခုံဆွေးနွေးမှုသုံးခုရှိပါတယ်။ ဒီငြင်းခုံဆွေးနွေးမှုတွေမှာလည်း မကြာခဏဆိုသလို တိုက်ဖို့ခိုက်ဖို့ တိုက်တွန်းချက်တွေနဲ့ ရောထွေးနေတတ်ပါတယ်။ ပထမငြင်းခုံချက်က အစိုးရပြောင်းပစ်ဖို့ပါ။ ဒီအတွက်ဆိုရင် သမ္မတဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချဖို့ သူပုန်တွေကို  အကူအညီပေးရမယ့် မူဝါဒတွေလိုအပ်ပါတယ်။ ဒုတိယငြင်းခုံမှုက လူသားချင်းစာနာထောက်ထားရေးကိစ္စ အဲဒီမှာ လူသားအမြောက်အမြား ဒုက္ခခံစားနေရတာကို ရပ်တန့်ဖို့ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ဓာတုလက်နက်အသုံးပြုမှု နိုင်ငံတကာစံနှုန်းကို အလေးပေးပြောကြားပြီး အသက်ဝင်အောင် စည်းကြပ်ဖို့ပဲဖြစ်ပါတယ်။
အခုဆိုရင် သမ္မတအိုဘားမားဟာ သူ့ကိုယ်သူ တတိယရည်မှန်းချက်အတွက်ပဲ ပိုင်းဖြတ်ထားပါတယ်။ နိုင်ငံတော်ကိုပြောတဲ့ သူ့ရဲ့မိန့်ခွန်းမှာ ပထမငြင်းခုံချက်ကို ပယ်ချလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ တစ်ပါးသူတစ်ယောက်နဲ့ ပြည်တွင်းစစ်ကို အင်အားသုံးပြီး မဖြေရှင်းပေးနိုင်ဘူး။ အထူးသဖြင့် အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဆယ်နှစ်ကြာ စစ်တိုက်ပြီးချိန်မှာ ၀င်မပါဘူးလို့ ရှင်းလင်းထားပါတယ်။ သူအဆိုပြုတင်ပြထားတဲ့ စစ်ရေးတိုက်ခိုက်မှုဆိုတာ လစ်ဗျားမှာထက်တောင် သေးငယ်မယ်လို့ သူကိုယ်တိုင်မှတ်ချက်ပေးထားတယ်။ ဒါဆိုရင် ဆီးရီးယားမှာ အာဏာချိန်ခွင်လျှာအနေအထား ပြောင်းမသွားဖို့များပါတယ်။
အိုဘားမားရဲ့အဆိုပြုချက်တွေက လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကိုလည်း လျော့ပါးသွားနိုင်ခြေမရှိပါဘူး။ သူ့ရဲ့အားအကောင်းဆုံးအဆိုပြုချက်တွေဖြစ်တဲ့ လေကြောင်းကတိုက်ခိုက်တာတွေနဲ့ သူပုန်တွေကို အကူအညီပေးတာတွေကတောင် ပဋိပက္ခကို ပိုမိုပြင်းထန်လာစေပြီး အသတ်ခံရတဲ့လူအရေအတွက် ဒါမှမဟုတ် ထွက်ပြေးနေရတဲ့ လူအရေအတွက်ကို တိုးလာစေနိုင်ပါတယ်။ အရင်က စစ်ရေးစွက်ဖက်မှုစာတမ်းတွေကို လေ့လာရင်လည်း ဒါကိုအတည်ပြုထားပါတယ်။ ဆီးရီးယားနိုင်ငံက သေဆုံးမှုတွေ အားလုံးနီးပါးဟာ သမားရိုးကျလက်နက်တွေကြောင့်ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းက မိုက်ကယ်ခရိုလီ မှတ်ချက်ပေးထားသလို သမားရိုးကျဗုံးတွေကြောင့် ဒုက္ခိတဖြစ်သွားတဲ့ ကလေးတွေရဲ့ ပုံရိပ်တွေဟာလည်း စိတ်မချမ်းမြေ့ဖွယ်ကောင်းတာပါပဲ။
ဒါဆို အိုဘားမားရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ဆိုတာ နိုင်ငံတကာစံနှုန်းတစ်ရပ်ကို အတည်ပြုရေးဖြစ်ပါတယ်။ ဒီပန်းတိုင်အတွက်ဆိုရင် သူ့အနေနဲ့ အရေးကြီးတဲ့အရာတစ်ခုကို အောင်မြင်လိုက်ပါပြီ။ သူ့အနေနဲ့ အခုဆိုရင် ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုလှုပ်ရှားသွားအောင် လုပ်နိုင်လိုက်ပါပြီ။ ဒါနဲ့အတူ ဆီးရီးယားဓာတုလက်နက်တွေကို စောင့်ကြည့်သွားဖို့နဲ့ ဖျက်ဆီးပစ်ဖို့အထိ လုပ်ငန်းစဉ်တစ်ရပ်ကို နေရာချထားဖို့ အခွင့်အရေးတစ်ရပ် (သေးငယ်တယ်ဆိုပေမယ့်) ရှိနေပါပြီ။ အာဆတ်အစိုးရက ဒီလက်နက်တွေကို နောက်တစ်ကြိမ် ထပ်ပြီးမသုံးစွဲဖို့ သေချာသလောက်နီးပါးဖြစ်အောင် လုပ်ထားနိုင်ပါပြီ။ ဒါဟာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကနေရမယ့် အောင်မြင်မှုတွေထက်တောင် ပိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကတောင် ဓာတုလက်နက်တွေကို ဖျက်ဆီးမပစ်နိုင်ပါဘူး။ (သွားတိုက်ရင်လည်း အဆိပ်ဓာတ်ငွေ့တွေ လေထဲအလွယ်တကူ လွင့်ထွက်သွားမှာပါ။) ဒါဟာ မနည်းမနော အောင်မြင်မှုပါ။
ဒါပေမဲ့လည်း ဒီအောင်မြင်မှုကို ဆက်ထိန်းထားဖို့ဆိုရင် အိုဘားမားအစိုးရအနေနဲ့ တခြားဘယ်ရည်မှန်းချက်မှ မထားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ အနည်းဆုံး လတ်တလောအချိန်မှာပါ။ ၀ါရှင်တန်အနေနဲ့ အာဆတ်ကို ဆွေးနွေးညှိနှိုင်းဖက်၊ သဘောတူညီမှုတွေကို အာမခံသူအနေနဲ့ လက်ခံရပါလိမ့်မယ်။
အိုဘားမားအစိုးရအနေနဲ့ ခက်ခဲပင်ခက်ခဲသော်ငြားလည်း သံတမန်ရေးလမ်းကြောင်းကို ဂရုတစိုက်နဲ့ စေ့စေ့စပ်စပ်လိုက်တာ မှန်ကန်ပါတယ်။ ဒါကို တိုက်ခိုက်မှုရှောင်လွှဲနိုင်ရေး အကြောင်းတစ်ရပ်အနေနဲ့ ဆီးရီးယားနဲ့ ရုရှားနိုင်ငံတို့က လုပ်နေတာဖြစ်ပေမယ့်လည်း အာဆတ်ရဲ့လက်နက်တွေကို သော့ခတ်သိမ်းဆည်းထားတာ ဒါမှမဟုတ် ဖျက်ဆီးပစ်တာကို မြင်ရမှာကို ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ပျော်ရွှင်နေပါလိမ့်မယ်။ တကယ်တမ်းလည်း ဒီလိုအကောင်ငယ်ကို ထိုးကျွေးတဲ့ ကစားကွက်ဟာ ရုရှားနိုင်ငံအတွက် ဆီးရီးယားမှာ သူ့ရဲ့စစ်မှန်တဲ့ ရည်မှန်းချက်အောင်မြင်ရေး နည်းလမ်းတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ အစိုးရလည်းမပြောင်းဘူး ဓာတုလက်နက်တွေလည်း မရှိတော့ဘူးဆိုတဲ့ အခြေအနေပါပဲ။
ရုရှားနိုင်ငံကလည်း အဲဒီလက်နက်တွေ ဂျီဟတ်ဒ်ဝါဒီတွေဆီ ရောက်ရှိသွားမှာကို အမြဲတမ်းပဲ စိုးရိမ်ပူပန်နေခဲ့ပါတယ်။ အကြောင်းကတော့ ဘာသာရေးစစ်သွေးကြွတွေနဲ့ပြည့်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်းက ဂျီဟတ်ဒ်ဝါဒီတွေဆီ အဲဒီလက်နက်တွေ ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံကို အခြားကြီးကြီးမားမား အကူအညီပေးတဲ့ အီရန်နိုင်ငံကလည်း
အီရန်-အီရတ်စစ်ပွဲမှာ ဆက်ဒမ်ဟူစိန်က အီရန်နိုင်ငံသားတွေကို ရက်ရက်စက်စက် အဆိပ်ဓာတ်ငွေ့တွေနဲ့ သတ်ဖြတ်ခဲ့ကတည်းက ဓာတုလက်နက်တွေကို သမိုင်းနဲ့ချီပြီး
အကြီးအကျယ်ဆန့်ကျင်နေခဲ့ပါတယ်။

အကယ်၍များ အိုဘားမားအစိုးရအနေနဲ့ ဓာတုလက်နက်တွေကို ပိတ်ပင်ထားမှု နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဆိုတာ အမှန်တကယ်တိုက်စားခံနေရပြီး အဲဒီအတွက် စစ်ရေးခြိမ်းခြောက်မှုဟာ တစ်ခုတည်းသောနည်းလမ်းလို့ ယုံကြည်တယ်ဆိုရင် အမေရိကန်ကွန်ဂရက်လွှတ်တော်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နေတိုးအဖွဲ့၊ အီးယူ၊ အာရပ်အဖွဲ့ချုပ်နှင့် အခြားအုပ်စုတွေဆီက ထောက်ခံမှုတချို့ရရှိဖို့ လိုအပ်ပါတယ်။ ဘုရှ်အစိုးရလက်ထက် အီရတ်စစ်ပွဲအတွက် ကွန်ဂရက်လွှတ်တော်က အာဏာအပ်နှင်းမှုမတိုင်ခင်အခြေအနေကို ပြန်စဉ်းစားကြည့်ပါ။ အီရတ်ကိုတိုက်ခိုက်ဖို့ အခြေခံအနေနဲ့ ဘုရှ်အစိုးရက လုံခြုံရေးကောင်စီဆုံးဖြတ်ချက်(၁၆)ချက်ကို အီရတ်နိုင်ငံက ချိုးဖောက်ခဲ့တာကို လက်ညှိုးထိုးပြနိုင်ပါတယ်။ ကျူးကျော်ပြီးတဲ့အချိန်မှာလည်း နိုင်ငံပေါင်း ၃၈ နိုင်ငံက တပ်ဖွဲ့တွေပို့ခဲ့ပါတယ်။
ဝါရှင်တန်ရဲ့ တစ်ခုတည်းသောရည်မှန်းချက်ဟာ နိုင်ငံတကာစံနှုန်းတစ်ရပ်ကို ဆုပ်ကိုင်မြှင့်တင်ဖို့ဖြစ်တယ်။ ဒါပေမဲ့လည်း နိုင်ငံအများစုနဲ့ နိုင်ငံတကာလူထုရဲ့ဆန့်ကျင်မှုတွေ ရင်ဆိုင်နေရတယ်ဆိုတာ ကမောက်ကမနိုင်လှပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ဆီးရီးယားနိုင်ငံအတွက် အမှန်တကယ် အချိန်ဝယ်လိုက်တာပဲဖြစ်သလို အိုဘားမားအစိုးရအတွက်လည်း ဒီအတိုင်းပါပဲ။


No comments:

Post a Comment