အီရတ်ရှိ အမေရိကန်အကျိုးစီးပွား များကို တိုက်ခိုက်ရန် အီရန်အမိန့်ပေး
ဝါရှင်တန်၊ စက်တင်ဘာ ၆
ဆီးရီးယားနိုင်ငံကို အမေရိကန်ပြည်ထောင်စု စစ်ရေးအရ တိုက်ခိုက်ပါက
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန် အကျိုးစီးပွားများကို
တိုက်ခိုက်ရန် အီရတ်စစ်သွေးကြွ များကို အီရန်နိုင်ငံက အမိန့်ပေးထားကြောင်း
Reuters သတင်းတွင် ဖော်ပြထားသည်။
ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးကို ပစ်မှတ်ထား
တိုက်ခိုက်နိုင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦးက ပြောကြားသည်။
ထို့အပြင် အီရတ်ခရီးစဉ်များကို မသွားမဖြစ်မှသာ သွားရောက်ကြရန်
အမေရိကန်နိုင်ငံသားများကို နိုင်ငံခြားရေးဝန်ကြီး ဌာနက သတိပေးထားသည်။
အီရတ်နိုင်ငံတွင်းရှိ ရှီးယိုက်စစ်သွေးကြွ အုပ်စုများထံသို့
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က သတင်းပေးပို့သည်ကို အမေရိကန်က
ကြားဖြတ်ရယူခဲ့ခြင်း ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းပေးပို့ချက်တွင် ဆီးရီးယားနိုင်ငံကို အမေရိကန်
ဝင်ရောက်တိုက်ခိုက်ပါက လက်တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားရန်
ရှီးယားစစ်သွေးကြွ အုပ်စုများကို အီရန်နိုင်ငံက အမိန့်ပေးခဲ့သည်။
အီရတ်နိုင်ငံအတွင်း အယ်လ်ကေဒါ အကြမ်းဖက် အုပ်စုနှင့် အဆက်အသွယ်ရှိသော
စစ်သွေးကြွ များအပြင် လက်နက်ကိုင်အဖွဲ့ အမျိုးမျိုး တက်တက်ကြွကြွ
လှုပ်ရှားနေပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း မတည်ငြိမ်ဆုံးကာလ ဖြစ်နေကြောင်း
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အီရန်နိုင်ငံ၏ မဟာမိတ်ဆီးရီးယား နိုင်ငံကို အမေရိကန်က
စစ်ရေးအရတိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကြောင့် အီရတ်နိုင်ငံတွင်းရှိ
အီရန်သြဇာခံ ရှီးယားစစ်သွေးကြွများကို အသင့်ပြင်ထားရန် အီရန်နိုင်ငံက
အမိန့်ပေး လိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment