လူထု ခေါင်းဆောင် ၄ ဦးကို ထောင်ချ၍ ကျောက်တော်တွင် မကျေနပ်မူ တိုးပွား
(နိရဉ္စရာ- ၆ စက်တင်္ဘာ ၂၀၁၃) / မောင်ရမ္မာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ လူထု ခေါင်းဆောင် ၄ ဦးအား ထောင် (၃)
လစီ အသီးသီး ချမှတ်လိုက်သည့် အပေါ် ကျောက်တော်တွင် မကျေနပ်မူများ
တိုးပွားနေကြသည်ဟု သတင်း ရရှိသည်။
“ သူတို့က လူထု ခေါင်းဆောင်တွေပါ။ အများအကျိုးအတွက် လုပ်နေကြတဲ့သူတွေပါ။
အင်မတန်မှ မြို့ကို ချစ်ကြတဲ့သူတွေပါ။ ဆန္ဒပြပွဲကို စည်းကမ်း စနစ်တကျ
ဖြစ်စေဖို့ စီစဉ် ဆောင်ရွက်ခဲ့ကြတဲ့ သူတွေပါ။ ငွေဒဏ်လောက်နဲ့
ကျေအေးသင့်ပါတယ်။ အခုတော့ သူတို့ကို ထောင် (၃) လစီ ချမှတ် လိုက်တော့
ကျွန်တော်တို့ အပါအ၀င် ကျောက်တော် တစ်မြို့လုံးက မကျေမနပ် ဖြစ်သွားပါတယ်”
ဟု ကျောက်တော် မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက
ပြောသည်။
သူတို့ အမူအား ကျောက်တော်မြို့နယ် တရားရုံးတွင် လေးကြိမ် လေးခါ
စစ်ဆေးခဲ့ပြီး အမူအား စစ်ဆေးစဉ် မြို့မိမြို့ဖများက လိုပြ သက်သေ အဖြစ်
တက်ရောက်ခဲ့ပြီး သူတို့ ၄ ဦးမှာ ခေါင်းဆောင်များ မဟုတ်ကြဘဲ မြို့မိ
မြို့ဖများသာ ခေါင်းဆောင်များ ဖြစ်ကြသည်ဟု ထွက်ဆိုခဲ့သော်လည်း
ထွက်ဆိုချက်များကို ပယ်ချကာ တရားရုံးက သူတို့ ၄ ဦးအား ထောင်ဒဏ် (၃) လစီ
အပြစ်ပေးခဲ့သည်ဟု ဆိုသည်။
ထောင်ဒဏ် ၃ လစီ ချမှတ်ခံရသူများမှာ လူထု ခေါင်းဆောင် ဒေါ်လှမေ၊
ဒေါ်တင်တင်အေး၊ ဦးမောင်ဝင်းနှင့် ဦးသိန်း လှိုင်တို့ ဖြစ်ကြသည်။
ဆန္ဒဖေါ်ထုတ်သည်မှာ ပြည်သူ လူထု ရပိုင်ခွင့်ဖြစ်ပြီး ဆန္ဒဖေါ်ထုတ်သူများကို
ထောင်ချသည်မှာ လုံးဝ မဖြစ်သင့်ကြောင်း ဦးစောငြိမ်းက ဆိုသည်။
“ ဆန္ဒထုတ်ဖေါ်တာဟာ ပြည်သူ လူထုရဲ့ ရပိုင်ခွင့်ပါဘဲ။ ခုလို ဆန္ဒဖေါ်ထုတ်တဲ့
သူတွေကို ထောင်ချတာကတော့ လုံးဝ မသင့်တော်ဘူးလို့ ယူဆပါတယ်။
ကျနော်တို့အနေနဲ့ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အယူခံ ၀င်သွားပါမယ်” ဟု ၎င်းက
ပြောသည်။
ယခုနှစ်မတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ် အနှံ့အပြားတွင် အိုးအိမ်မဲ့
ဖြစ်သွားသော ဘင်္ဂလီ လူမျိုးများအား ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ
စိစစ်ပြီး လုံးချင်းအိမ်ယာများ ဆောက်ပေးရန် ခွင့်ပြုချက်မရဘဲ တောင်းဆို
ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ရာ ကျောက်တော်မြို့တွင်လည်း လူပေါင်း ၃၀၀၀ ခန့်က
ပိုစတာများ၊ ဆိုင်းဘုတ်များကိုယ်စီကိုင်ပြီး လမ်းပေါ်ထွက်ချီတက်
ဆန္ဒပြခဲ့ကြသည်။
ထိုအထဲမှ သူတို့ ၄ ဦးအား ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည်ဟု ဆိုကာ
ကျောက်တော်မြို့မ ရဲစခန်းမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး
ကျောက်တော်မြို့နယ် တရားရုံးက စက်တင်္ဘာလ၄ ရက်နေ့က ထောင် (၃) လ စီ
ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထောင်ချခံရသူ ၄ ဦးအား ကျောက်တော်မြို့မှ စစ်တွေသို့ ချက်ချင်း
ယူဆောင်လာပြီး စစ်တွေထောင်ကို ပို့လိုက်ကြောင်း ရခိုင် အမျိုးသမီး
ကွန်ယက်မှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ညိုအေး က နိရဉ္စရာသို့ ပြောသည်။
“ မနေ့က ကျောက်တော်မြို့မှာ သူတို့ကို တရားရုံးက
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ စီ အမိန့်ချပါတယ်။
သူ တို့ကို ကျောက်တော်က ကားနဲ့ခေါ်ယူလာပြီးတော့ စစ်တွေမြို့ကို ည ၈ နာရီမှာ
ဝင်ပါတယ်။ အမှတ် ၁ ရဲစခန်း မှာ တည ချုပ်ပြီး တော့ ဒီနေ့ စက်တင်္ဘာ ၅ ရက်နေ့
မနက် စောစောက စစ်တွေထောင်ကို ပို့လိုက်ပါ တယ်” ဟု ဆိုသည်။
စစ်တွေမှ ဒေါ်ညိုအေးနှင့် ဦးကျော်ဇောဦးတို့ကိုလည်း စစ်တွေတွင်
ခွင့်ပြုချက်မရဘဲ ဆန္ဒဖေါ်ထုတ်မူဖြင့် တရားစွဲဆိုထားပြီး အမူကို
ရင်ဆိုင်နေကြရသည်ဟု သိရသည်။
သူတို့အား စက်တင်္ဘာလ ၅ ရက်နေ့က ရုံးချိန်း ရှိခဲ့သော်လည်း တရားသူကြီး
အနားယူထားသဖြင့် နောက်တရားသူကြီးသစ် တစ်ဦးက စက်တင်္ဘာလ ၁၇ ရက်နေ့ကို
ရုံးပြန်ချိန်းလိုက် သည်ဟု ဒေါ်ညိုအေးက ပြောသည်။
၎င်းအပြင် တောင်ကုတ်မှ ဦးစိုးဝင်းအမှုကို ကျန်းမာရေးအရ ခွင့်တင်လိုက်ပြီး
မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ၏ အမှုကို ယခုလ ၁၂ ရက်နေ့တွင်
ဆုံးဖြတ်မည်ဟု သိရှိရသည်။
No comments:
Post a Comment