Thursday, August 22, 2013

WikiLeaks တရားခံ Manning ထောင်ဒဏ် ၃၅ နှစ်ကျ




အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်သတင်းအချက်အလက် အများအပြားကို WikiLeaks အဖွဲ့ဆီ ပေးပို့ခဲ့တဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ အမေရိကန် စစ်သား Bradley Manning ကို မယ်ရီလန်းပြည်နယ်၊ Fort Meade စစ်အခြေစိုက်စခန်းတွင်း  တရားရုံးကနေ ထောင်ဒဏ် ၃၅ နှစ် ချမှတ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ရုပ်သံလွှင့်သတင်းတွေကနေ ကြေညာနေပါတယ်။

အသက် ၂၅ နှစ်အရွယ် တပ်သား Manning အပေါ် သူလျှိုလုပ်မှု၊ လျှို့ဝှက်အထောက်အထား ၇ သောင်းကျော်ကို လျှို့ဝှက်မှုဆန့်ကျင်ရေး ၀ဘ်ဆိုဒ် WikiLeaks ဆီ ပေးပို့ခဲ့မှုတွေနဲ့ အမှုပေါင်း ၂၀ နဲ့ အပြစ်ရှိကြောင်း တရားသူကြီး Lind က ဆုံးဖြတ်ထားတာပါ။ ဒီဖြစ်ရပ်ဟာ အမေရိကန်သမိုင်းမှာ လျှို့ဝှက် သတင်းအချက်အလက်တွေ အကြီးမားဆုံး ပေါက်ကြားမှုဖြစ်ပြီး Manning ဟာ ထောင်ဒဏ် နှစ် ၉၀ ထိ ကျခံရဖွယ်ရှိတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်ထားခဲ့ပါတယ်။

ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဥပဒေကြမ်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ် သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သတိပေး

AddThis Social Bookmark Button
အမျိုးသားလွှတ်တော်၌ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌက ဥပဒေကြမ်းတစ်ခုနှင့် ပတ်သက်သည့် အစီရင်ခံစာ ဖတ်ကြားစဉ် "မှားတာရှိရင် တောင်းပန်ပါတယ်" စကားရပ် သုံးနှုန်းမှုကို မှတ်တမ်းတင်ခြင်း မပြုဘဲ ကောက်နုတ်ပယ်ဖျက်ကြောင်း သြဂုတ် ၂၁ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောကြားသည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ ပြင်ဆင်အတည်ပြုခဲ့သည့် အချက်များအား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီမှ ထပ်မံလေ့လာတွေ့ရှိ ပြင်ဆင်သင့်သည့် အချက်များ ပြင်ဆင်၍ အမျိုးသားလွှတ်တော်၌ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေက အစီရင်ခံစာအား ဖတ်ကြားစဉ် "အမှားယွင်း ပါခဲ့လို့ရှိရင် အပြောအဆိုမှား အမှားများ ဖြစ်သွားခဲ့လို့ရှိရင် ကျွန်တော်တို့ကို နားလည်ပေးနိုင်ဖို့ အတွက်လည်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တောင်းပန်အပ်ပါတယ် ခင်ဗျာ" ဟု ပြောဆိုခဲ့မှုကို သတိပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သုံးနှုန်းပြောဆိုမှုအား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားရာတွင် ဦးဇော်မြင့်ဖေ ပြောကြားသွားသော "ကျွန်တော်တို့ အမှားပါရင် ခွင့်လွှတ်ပါဆိုသည့်" စကားသည် လိုအပ်ချက် မရှိကြောင်း၊ ဥပဒေကြမ်း ကော်မတီ၏ တာဝန်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်စေ တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီး၊ ၀န်ကြီးဌာန၊ ပြည်သူများထဲမှ လာရောက်ဆွေးနွေးလိုသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများဖြင့် ကြားနာညှိနှိုင်း၍ လွှတ်တော်ကို ပြန်လည်တင်ပြသည့် ကော်မတီသာဖြစ်ကြောင်း၊ ကော်မတီ၏ တင်ပြမှုအား လွှတ်တော်ကိုယ်စားလှယ်များက ဆုံးဖြတ်မှသာ အတည်ဖြစ်ကြောင်း ပြောကြားသည်။
"လွှတ်တော်ကိုယ်စားလှယ်တွေက ဆုံးဖြတ်တဲ့ အခါကြတော့လည်း ယနေ့ဥပဒေကြမ်းတစ်ရပ် ရလို့ရှိရင် သတင်းစာထဲ ထည့်ခိုင်းတယ်။ အရင်တုန်းက ပြန်တမ်းမှာပဲ ထည့်တယ်။ သတင်းစာထဲမှာ ထည့်ခိုင်းလိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဒီဘာသာရပ်နဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများက ပါဝင်ဆွေးနွေးနိုင်အောင် ပြည်သူ့အသံ လွှတ်တော်အသံက ဒါပဲ။ ဥပဒေကြမ်း ကော်မတီရဲ့ ရှေ့မှောက်မှာ လာရောက်ဆွေးနွေးမှ မဟုတ်ပါဘူး။ အမျိုးသား လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေကို ကိုယ်စားပြုထားတာ ဖြစ်တယ်။ တယ်လီဖုန်းနဲ့ လှမ်းပြီးတော့ ကိုယ့်ကိုယ်စားလှယ်ကို ပြောလို့ရတယ်။ ဘယ်ဥပဒေကြမ်းရဲ့ အပိုဒ်ကတော့ ဘယ်လိုဖြစ်ချင်တယ်။ ဘယ်လိုဖြစ်စေချင်တယ်။ ဆီလျော်သည်ဖြစ်စေ၊ မဆီလျော်သည်ဖြစ်စေ၊ ပြောတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်က ဒါကိုနားထောင်ရမယ်။ လက်ခံရမယ်။ တင်ပြခဲ့လို့ရှိရင် ဥပဒေကြမ်း ကော်မတီနဲ့ ကြိုတင်ညှိသင့်တာ ညှိရမယ်။ ကြိုတင်မညှိနိုင်ရင်လည်း ဒီနေ့ ဥပဒေကြမ်း ကော်မတီရဲ့တင်ပြချက်က တီဗွီအစီအစဉ်ကနေ ပါမယ်။ အစီအစဉ်မှာပါလို့ ပြည်သူကနေ နားထောင်ပြီးလို့ ဘာကိုဘယ်လို လုပ်လိုက်ပါလားလို့ ကိုယ့်ရဲ့ကိုယ်စားလှယ်ကို လှမ်းပြောလို့ ရှိရင်လည်း ဆွေးနွေးတဲ့နေ့မှာ ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့မှ အားလုံးက အကောင်းဆုံးကို ၀ိုင်းဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ဆုံးဖြတ်တဲ့နေ့၊ ဆုံးဖြတ်တဲ့ အချိန်မှာတော့ အမှန်ဆုံးပဲ ဖြစ်တယ်။ မှားယွင်းတယ်ဆိုတာ ဘာမှားယွင်းတာလဲ။ မှားယွင်းတယ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီရင် မှားယွင်းတယ်။ တခြားသော တည်ဆဲဥပဒေများနဲ့ မကိုက်ညီဘဲ ရှေ့နောက်ဆီလျော်မှု မရှိရင် မှားယွင်းတယ်။ ဒါပဲ ရှိပါတယ်" ဟု ပြောကြားသည်။

ဆီးရီးယား တိုက်ခိုက်မှု လူ ရာချီ သေဆုံး


syrian chemical attacks
အစိုးရဘက်က အဆိပ်ငွေ့သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ သတင်းထွက်
ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်မှာ အစိုးရ တပ်ဖွဲ့တွေက အမြောက် ကျည်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက် ခဲ့အပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။
အဓိက အတိုက်အခံ အဖွဲ့ ဖြစ်တဲ့ National Coalition အဖွဲ့က သေဆုံးသူပေါင်း ၆၅၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အစိုးရ တပ်ဖွဲ့တွေက အဆိပ်ဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဆီးရီးယား အစိုးရကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ လောလောဆယ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဓါတု လက်နက် စစ်ဆေးရေး အဖွဲ့ အကြီးအကဲက ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးဖို့ အသင့်ရှိကြောင်းနဲ့ သူတို့ကို အဲဒီနေရာတွေကို သွားခွင့်ပြုဖို့ ဆီးရီးယား အစိုးရကို နိုင်ငံတကာက တောင်းဆိုမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
ဗြိတိန် နိုင်ငံကတော့ ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီလက်ထဲကိုပဲ လွှဲမယ်လို့ ဆိုပါတယ်။

ဆီးရီးယားအရေး လုံခြုံရေး ကောင်စီ အရေးပေါ်စည်းဝေး


_syria_gas_attack
ဆီးရီးယားမှာ ဓာတုလက်နက်တွေ သုံးနေပြီလား
ဆီးရီးယား မှာ ဓာတု လက်နက်တွေ သုံးစွဲ ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးပေါ် အစည်း အဝေး ခေါ်လိုက်ပါတယ်။
ဒမတ်စကပ်စ် မြို့တော်ရဲ့ အပြင်ဘက်မှာ ဗုဒ္ဓဟူးနေ့ က အစိုးရ တပ်တွေက ဓာတု လက်နက်တွေ သုံးပြီး တိုက်ခိုက် ခဲ့လို့ ကလေးတွေ အပါအဝင် လူရာနဲ့ ချီပြီး သေဆုံး ခဲ့ရတယ်လို့ အတိုက်အခံ တွေဘက်က စွပ်စွဲထား ပါတယ်။
ဆီးရီးယား အတိုက်အခံ ဖြစ်တဲ့ အမျိုးသား ညွန့်ပေါင်း တွေဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဆီးရီးယား အစိုးရ ဘက်ကတော့ ဒီလို ဓာတု လက်နက်တွေ သုံးစွဲပြီး တိုက်ခိုက် ခဲ့တယ် ဆိုတာကို ငြင်းဆို ထားပါတယ်။
ကုလသမဂ္ဂရဲ့ ဒုတိယ အတွင်းရေးမှူးချုပ် ယန် အဲလပ်စ်ဆင် ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ အမြန်ဆုံး စုံစမ်း စစ်ဆေးသွားဖို့ လိုအပ်ကြောင်း၊ ဆီးရီးယား အစိုးရအနေနဲ့ အဲဒီ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နေရာကို ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေး သူတွေကို သွားရောက် စစ်ဆေးခွင့် ပေးလိမ့်မယ်လို့ သူ မျှော်လင့် ထားကြောင်း ပြောပါတယ်။

လုံခြုံရေးအကာအကွယ်ပေးဖို့ မြန်မာအစိုးရပျက်ကွက် ကင်တားနား ဝေဖန်

ရန်ကုန်မြို့က ပြန်လည်မထွက်ခွာခင် လေဆိပ်မှာ မစ္စတာ ကင်တားနား သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၁ သြဂုတ် ၂၀၁၃) ဓာတ်ပုံ - ဗွီအိုအေ-မြန်မာပိုင်းရန်ကုန်မြို့က ပြန်လည်မထွက်ခွာခင် လေဆိပ်မှာ မစ္စတာ ကင်တားနား သတင်းစာရှင်းလင်းပွဲပြုလုပ် (၂၁ သြဂုတ်


မြန်မာနိုင်ငံကို ၁၀ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က သူ့ရဲ့ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲတွေမှာ အစိုးရအနေနဲ့ လုံခြုံရေးအရ ထိရောက်စွာ တာဝန်ယူပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

သူ့ခရီးစဉ် နောက်ဆုံးနေ့ ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့က မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ တွေ့ကြုံခဲ့ရတဲ့ အခြေအတွေကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့အချိန် အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ အတွက် ရောက်ရှိလာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံအတွင်း လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေရာ အတော်များများကို သွားရောက် လေ့လာခဲ့တာမှာ အရင်အခေါက်တွေကနဲ့ မတူတဲ့ ကန့်ကွက် ဆန္ဒြုပပွဲတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။

သူ့ခရီး ပထမဆုံး ခရီးတထောက်အဖြစ် ရခိုင်ပြည်နယ်ကို ရောက်သွားတဲ့အချိန် မစ္စတာ ကင်တားနားဟာ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတုန်းကတော့ သူစီးလာတဲ့ ကားဘေးမှာ ဆန္ဒပြသူထဲက တချို့ကို သူ့အနေနဲ့ ကားပေါ်က ဆင်းတွေ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို နားထောင်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

"ကျနော် ရခိုင်ပြည်နယ်ကို ၄ ကြိမ်မြောက်အဖြစ် သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော့်ကို ဒေသခံတွေက ဆန္ဒပြတာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို ဆန္ဒပြတာကို ကျနော့်အနေနဲ့ မမြင်တွေ့လိုပေမဲ့လည်း ဒါဟာ လူထုအနေနဲ့ သူတို့ရဲ့ သဘောဆန္ဒတွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတာကို
တွေ့ရတဲ့အတွက် ဒါကို ကျနော် ကြိုဆိုပါတယ်။ အဲဒီလို ဆန္ဒပြနေကြတဲ့အချိန် ကျနော့်ကားပေါ်ကဆင်းပြီး ဆန္ဒပြနေတဲ့ အမျိုးသမီးတဦးနဲ့ စကားပြောခဲ့ပါတယ်။ အဲဒီ အမျိုးသမီးက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် သူတို့ ရခိုင် ဗုဒ္ဓဘာသာတွေအနေနဲ့ ဘယ်လောက်အထိ အတိဒုက္ခ ရောက်ကြ ရကြောင်း၊ စိုးရိမ်သောက ဖြစ်ရကြောင်းကို ခံစားချက် ပြင်းပြစွာနဲ့ ကျနော့်ကို ပြောပြခဲ့ပါတယ်။"

သူ ရခိုင်ပြည်ကို သွားရောက်စဉ် အဲဒီမှာ ဒေသခံ အာဏာပိုင်တွေအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်တွေရော၊ မူဆလင် အသိုင်းအ၀ိုင်းနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နောက် သူသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း
ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမှုရေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အပြင် ယုံကြည့်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အင်းစိန်ထောင်မှာရော၊ ရခိုင်ပြည်နယ်အတွင်းမှာရော တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ သူ့ခရီးစဉ် အဆုံးမသတ်ခင် ၉ ရက်မြောက်နေ့က မိတ္ထီလာမြို့ကို ရောက်သွားတဲ့အခါမှာတော့ ဆန္ဒပြသူ လူအုပ်ကြီးက သူစီးလာတဲ့ကားကို ၀ိုင်းအုံလာပေမဲ့ အနားမှာရှိနေတဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။


"ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကျနော့်လို ပုဂ္ဂိုလ်မျိုးကို အကာကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ အဲဒီနေရာမှာ အစိုးရဘက်က အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒီကိစ္စကိုလည်း ကျနော် မြန်မာအစိုးရ ကို ထောက်ပြခဲ့ပါတယ်။"

သူ့အနေနဲ့ မိတ္ထီလာမြို့မှာရှိတဲ့ မူဆလင် အသိုင်းနဲ့ နောက်တနေ့မနက်မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့လည်း ညပိုင်း မိတ္ထီလာမြို့အ၀င်မှာ ကြုံတွေ့ခဲ့ရတဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ ကန့်ကွက် ဆန္ဒပြမှုတွေကြောင့် အဲဒီ အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ကျော်ပြီး မွေးခွင့်မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့လည်း -

"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မူဆလင် မိသားစုတွေအနေနဲ့ တအိမ်ထောင် ကလေး ၂ ယောက်ထက် ပိုမမွေးရဆိုတဲ့ ပေါ်လစီ ချမှတ်ထားခြင်း မရှိဘူးဆိုတာကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် သူက ကျနော်ကို ကတိပြု ပြောဆိုပါတယ်။ အဲဒီလို ပေါ်လစီမျိုး မရှိဘူးဆိုတာကိုလည်း ပြည်ထဲရေး ၀န်ကြီးကိုယ်တိုင်က ကျနော့်ကို ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။ ဒါပေမဲ့ နစက လက်ထက်က အဲဒီလို ပေါ်လစီမျိုး ရှိကောင်း ရှိခဲ့နိုင်တယ်လို့တော့ ၀န်ကြီးက ပြောပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အထူးသဖြင့်တော့ မတူညီတဲ့ ဘာသာအဖွဲ့အစည်းတွေကြား ဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေ ပြေလည်အောင် အစိုးရပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေက လုပ်ဆောင်နေတာတွေဟာ အောင်မြင်ပြီး မှန်ကန်တဲ့ဘက်ကို ဦးတည်နေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်းလည်း မစ္စတာ ကင်တားနားက သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတာကြောင့် အစိုးရအနေနဲ့ အမြန်ဆုံး ပြန်လွတ်ပေး လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း မစ္စတာ ကင်တားနားက ပြောဆို သွားပါတယ်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု ကင်တားနား ပြောကြား

AddThis Social Bookmark Button
V-22-8
ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။
သြဂုတ် ၂၁ ရက်၊ ည ၇ နာရီခန့်က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကြေညာချက်ကို ဖတ်ကြားရာ၌ ကင်တားနားက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ တိုးတက်လာနေပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲ နေပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်တာကို အောက်ခြေကပါ လိုက်နာဖို့ လိုပါတယ်။ ဒီလိုပါပဲ။ အောက်ခြေဒေသခံ အသိုင်းအ၀ိုင်း အခြေအနေကြားမှာ နားလည်မှုနဲ့ သင့်မြတ်မှု တည်ဆောက်ဖို့ လိုပါတယ်" ဟု ကင်တားနားက ဆိုသည်။
ထို့ပြင် ကင်တားနားက ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ရှိကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး အာဃာတ မထားကြရန် လိုကြောင်း၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသူများ မိမိနေရပ်သို့ အမြန်ပြန်လည် ရောက်ရှိရန် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကင်တားနားက ပြောကြားသည်။
"လားရှိုးမြို့မှာဆိုရင် ပဋိပက္ခဖြစ်ပြီးတဲ့နောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်စလုံးက ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ မိတ္ထီလာမှာတော့ အတူယှဉ်တွဲ နေထိုင်ဖို့က မလွယ်ကူနိုင်သေးပါဘူး။ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော် သြဂုတ် ၁၉ ရက်က သွားတုန်းမှာ ဒေသခံ နှစ်ရာလောက်က ဒေါသတကြီးနဲ့ ကျွန်တော့်ကားကို ကန်တာတွေ၊ ထုနှက်တာတွေ လုပ်ကြပါတယ်။ ဒါဟာ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အတူယှဉ်တွဲ နေထိုင်ဖို့ ကြိုးစားမှု မရှိတာကို ပြသနေပါတယ်။ ဒီလိုမျိုး လူအုပ်စုနဲ့ အကြမ်းဖက်နေတုန်းမှာ ရဲတွေကနေ လုံခြုံရေးအတွက် ၀င်ထိန်းတာမျိုး မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းက ရဲတွေက ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေတာ ဆိုတာကိုပါ" ဟု ၎င်းက ပြောကြားသည်။
ပဋိပက္ခများအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ဒုက္ခသည်များကိုလည်း လက်ရှိအချိန်တွင် ဒုက္ခသည် စခန်းများအတွင်း ဆက်လက်နေထိုင်စေခြင်းသည် မွတ်စလင် အသိုင်းအ၀ိုင်းပေါ်တွင် မကောင်းသည့် အကျိုးဆက် ဖြစ်ပေါ်စေနိုင်ကြောင်း၊ မွတ်စလင် ဒုက္ခသည် စခန်းများနှင့် မွတ်စလင် ကျေးရွာများတွင် ပြင်းထန်သည့် ကန့်သတ်မှုများ ယခုထက်ထိ ရှိနေသေးကြောင်း၊ စစ်တွေရှိ အောင်မင်္ဂလာ ဒုက္ခသည်စခန်းတွင် မွတ်စလင်များသည် နေရာကျဉ်းကျဉ်းလေးထဲတွင် နေထိုင်နေရပြီး ၎င်းတို့အား လက်နက်ကိုင် ရဲများနှင့် စစ်သားများက အမြဲတမ်း စောင့်ကြည့်နေကြောင်း၊ ထိုအချက်များသည် အခြေခံ လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင် နေထိုင်မှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အား အဟန့်အတား ဖြစ်စေကြောင်းလည်း ကင်တားနားက ပြောကြားသည်။
ကင်တားနားက "ဒုက္ခသည် စခန်းတွေဆီသွားပြီး မွတ်စလင်တွေကို ကူညီထောက်ပံ့ပေးလို သူတွေတောင် စစ်တပ်ကို ကြောက်တာနဲ့ တော်ရုံသွားဖြစ်မှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ယခုနှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ အပြောနှင့်အညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဇွန်နှင့်ဇူလိုင်လအတွင်း ဖမ်းဆီးခံခဲ့ရသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ၀န်ထမ်းများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း ၎င်းကပြောကြားသည်။
ထို့ပြင် ကင်တားနားက မြန်မာအစိုးရသည် မိမိအား ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း မိတ္ထီလာမြို့တွင် ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ အကျိုးဆက် အနေဖြင့် ယခုခရီးစဉ် မတိုင်မီက သွားရောက်လေ့လာရန် စနစ်တကျ ပြင်ဆင်ခဲ့သော မွတ်စလင် ၁၆၀၀ ခန့် နေထိုင်သည့် ဒုက္ခသည်စခန်းအား သွားရောက်မည့် အလည်အပတ် ခရီးစဉ်ကို လုံခြုံရေး ပြဿနာများကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။