မြန်မာမြေပုံ ယခုအတိုင်းတည်ရှိရန် ကာကွယ်စောင့်ရှောက်သော ရခိုင်တိုင်းရင်းသားများကို တစ်နိုင်ငံလုံးက အလေးထားရမည်ဟု သူရဦးရွှေမန်းဆို
|
2013-09-30 00:00:00
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားနေသော သူရဦးရွှေမန်း
ဓာတ်ပုံ - ကျော်ဇင်သန်း
စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံဆွေးနွေးပွဲ၌ သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
““မြန်မာပြည်မြေပုံ ဒီနေ့ဒီအတိုင်းပဲတည်ရှိနေဖို့၊ ရခိုင်ပြည် ဒီနေ့ဒီအတိုင်းပဲ တည်ရှိနေဖို့ ရခိုင်တိုင်းရင်းသားများရဲ့ ဒီနေ့ စွမ်းစွမ်းတမံကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ ကိုးကွယ်တဲ့ဘာသာတရားပေါ် စောင့်ရှောက်ထိန်းသိမ်းမှုတွေကို ကျွန်တော်တို့တစ်နိုင်ငံလုံးက အလေးထားရမှာဖြစ်တယ်””ဟု သူရဦးရွှေမန်းက ပြောသည်။ရခိုင်တိုင်းရင်းသားများသည် ဒေသ၏ ထူးခြားသော ပထ၀ီ နိုင်ငံရေးအနေအထားအရ နယ်မြေပိုင်ဆိုင်မှုနှင့် ရိုးရာယဉ်ကျေးမှုထုံးစံများ မပျောက်ကွယ်ရန် ခက်ခဲစွာ ကာကွယ်နေရသည်ဟုလည်း ပြည်ထောင်စုလွှတ်တော်နာယက က ဆိုသည်။
““ရခိုင်ပြည်နယ်ဒေသရဲ့ ထူးခြားတဲ့ ပထ၀ီနိုင်ငံရေးအရ အခြားသောတိုင်းရင်းသားတွေထက်စာရင် အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုအပြင် တိုင်းရင်းသားရိုးရာဓလေ့ ယဉ်ကျေးမှုထုံးစံတွေကို ခက်ခက်ခဲခဲ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေရတာ တွေ့ရှိရမှာဖြစ်တယ်။ ဒါကြောင့် ပြည်ထောင်စုနိုင်ငံမှာရှိတဲ့ တခြားတိုင်းသားအားလုံးက ရခိုင်တိုင်းရင်းသားတွေကို ကျေးဇူးတင် ဂုဏ်ပြုရမှာဖြစ်ပါတယ်”” ဟု သူရဦးရွှေမန်းက ရခိုင်လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ရခိုင်ပြည်နယ်သည် တစ်ဖက်နိုင်ငံများနှင့် ကုန်း၊ ရေ နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နယ်မြေကာကွယ်စောင့်ရှောက်ရာတွင် ရခိုင်တိုင်းရင်းသားများအနေဖြင့် အခြားဒေသထက်စာပါက အခက်အခဲ ပိုမိုတွေ့ကြုံနေရသည်ဟုလည်း ပြည်ထောင်စုလွှတ်တော်နာယက က ပြောကြားသည်။
““ရခိုင်တိုင်းရင်းသားတွေကို ကျေးဇူးတင်ဂုဏ်ပြုရာမှာလည်း စကားနဲ့ဆို ခရီးမရောက်ပါဘူး။ တကယ်ကျေးဇူးတင်ဂုဏ်ပြုချင်ရင် ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ဆန္ဒတွေကို သိရှိပြီး ဖြည့်ဆည်းပေးဖို့၊ အခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ရခိုင်တိုင်းရင်းသားတွေသာမက ပြည်ထောင်စုကြီးရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ မိမိတို့နိုင်ငံ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အင်မတန် အရေးကြီးပါတယ်”” ဟု သူရဦးရွှေမန်းက တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက က မြို့နယ် ၁၇ မြို့နယ်မှ လူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ၎င်းတို့၏ တင်ပြဆွေးနွေးချက်များကို နားထောင်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment