ဗြိတိန်နှင့် အမေရိကန် ပုဂ္ဂလိကတက္ကသိုလ်များ မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်
By Admin - Wed Sep 04, 5:45 am
ရန်ကုန်၊ စက်တင်ဘာ ၃
ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ
တိုးမြှင့်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ဗြိတိန်နှင့်
အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်လေးခု ယခုနှစ်ကုန်ပိုင်း
အတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း
ယင်းတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင် ရွက်ပေးနေသည့် ပြည်တွင်းလုပ်ငန်းရှင်
အသိုင်းအဝိုင်းထံမှ သိရသည်။
လာရောက်ဖွင့်လှစ်မည့် တက္ကသိုလ် များမှာ အမေရိကန်ပြည်ထောင်စုမှ
University of Nothern Iowa နှင့် Western Illinois University ၊ ဗြိတိန်
နိုင်ငံမှ London School of Commerce နှင့် London School of Computing
တို့ဖြစ်ကြောင်း ယင်းတက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသူ ILBC
နိုင်ငံတကာ ပုဂ္ဂလိကကျောင်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးတင်မောင်ဝင်းက The Voice
သို့ ပြောကြားသည်။
အဆိုပါ တက္ကသိုလ်များတွင် နိုင်ငံတကာ ပါမောက္ခကြီးများကိုယ်တိုင် ဘွဲ့ကြို
၊ ဘွဲ့လွန် တန်းများကို လာရောက် သင်ကြားမည် ဖြစ်ပြီး နိုင်ငံတကာ
အသိအမှတ်ပြု လက်မှတ်များ တစ်ပါတည်း ရရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များကို
ရန်ကုန်မြို့အနီး တစ်ဝိုက်တွင်သာ တည်ထောင်သွား ဖွယ်ရှိ ပြီး နေရာ
မသတ်မှတ်ရသေးကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။
ယင်းအပြင် နိုင်ငံတကာတက္ကသိုလ်ကြီးများ ဖြစ်သည့်အတွက် ဆရာ ၊ ဆရာမ
ငှားရမ်းခပင် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ ကုန်သောကြောင့်
ပြည်တွင်းရှိ ငွေကြေးတတ်နိုင်သော ကျောင်းသားမိဘများနှင့် ပူးပေါင်းကာ
အများပိုင်ကုမ္ပဏီ တည်ထောင်ပြီး ယင်းတက္ကသိုလ်များ ဖွင့်လှစ်သွားမည်
ဖြစ်ကြောင်းလည်း ဦးတင်မောင်ဝင်းက The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ၊ ကောလိပ်နှင့်
တက္ကသိုလ်များအတွက် သီးသန့်ဥပဒေများ ရေးဆွဲထားခြင်း မရှိသောကြောင့်
နိုင်ငံတကာ တက္ကသိုလ်များ လာရောက်ဖွင့်လှစ်ရန် လုပ်ထုံးလုပ်နည်း အခက်အခဲများ
ရှိနေသေးသည်။
လက်ရှိအချိန်တွင် ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီက
နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက် ဥပဒေများ ရေးဆွဲလျက် ရှိသော်လည်း
ယခုနှစ်ပိုင်းအတွင်း ထွက်ရှိ လာရန် မသေချာကြောင်း အဆိုပါ လွှတ်တော်
ကိုယ်စားလှယ်အချို့ထံမှ စုံစမ်းသိရှိရသည်။
No comments:
Post a Comment