ဘင်္ဂလားဒေ့ရှ်တွင် ဖျက်ဆီးခံရသည့် သာသနိကအဆောက်အအုံများ ပြန်ဖွင့်
By Admin
- Fri Sep 06, 9:46 am
မောင်တော၊ စက်တင်ဘာ ၅ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘား ဇားခရိုင် ပန်းဝါ(ရာမူး)နှင့် အိုကီးယာဒေသ များတွင် ဖျက်ဆီးခံခဲ့ရသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို ပြန်လည်တည်ဆောက်ပြီး ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (RDF) ဥက္ကဋ္ဌ ဦးဦးချစ်မောင်က ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ခ်ဟာချိနာ ကိုယ်တိုင်တက်ရောက်ကာ ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုများအပါအဝင် ဌာနေတိုင်းရင်းသား လူနည်းစုများ၏ လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ပန်းဝါ (ရာမူး) ဒေသတွင် ဗုဒ္ဓဘာသာ ကျောင်း ၁၂ ကျောင်း၊ အိုကီးယာဒေသတွင် ခုနစ်ကျောင်း စုစုပေါင်း ၁၉ ကျောင်းကို ဘင်္ဂါလီ လူမျိုးများက ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် အခြား နိုင်ငံများက ဗုဒ္ဓဘာသာဝင်များ၏ အလှူငွေ အချို့ကို လက်ခံကာ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက်ပေးခြင်း ဖြစ်သည်။
အဆိုပါ လူနည်းစုများကို အကြမ်းဖက်မှုများ ပြုလုပ်ပါက တရားဥပဒေနှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကတိပေးပြောဆိုခဲ့ကြောင်း ဦးဦးချစ်မောင်က ဆိုသည်။
ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ပြီး ကျောင်းသစ် ဖွင့်လှစ်ခြင်းသည် လာမည့် ၂၀၁၄ ခု ဇန်နဝါရီလတွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် ဒေသခံ လူနည်းစု တိုင်းရင်းသားများထံ မဲဆွယ် စည်းရုံးခြင်းတစ်မျိုး ဖြစ်ကြောင်း ဌာနေတိုင်းရင်းသားများအဖွဲ့ အတွင်းရေးမှူး ဦးထွန်းလှက သုံးသပ်သည်။
ဒေသခံ တစ်ဦးဖြစ်သူ ဦးမဲဖားကမူ “ငါတို့အစိုးရက လူနည်းစုတွေကို ပိုပြီး အသိအမှတ်ပြုပါတယ်။ လာမယ့် ရွေးကောက်ပွဲ မှာလည်း မဲထည့်ကြပါ ဆိုပြီး ပြောတာတော့ ကြားလိုက်တယ်ခင်ဗျာ” ဟု ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆိုပါ ဌာနေတိုင်းရင်းသား များ၏ လယ်ယာမြေများ၊ သာသနာ့နယ်မြေများ သိမ်းယူမှုများ ကို ခံနေရကြောင်း အဆိုပါ ဘင်္ဂလားဒေ့ရှ် ဒေသခံများက ပြောကြားသည်။
No comments:
Post a Comment