Wednesday, September 25, 2013


စင်ကာပူရောက် မြန်မာကျွမ်းကျင်လုပ်သားအများစု ပြည်တွင်း၌အလုပ်ခေါ်ရာ လစာ ကျပ် ၁၂ သိန်းနှင့်အထက် တောင်းဆို

Photo

ပြည်တွင်းကုမ္ပဏီများတွင် အလုပ်လျှောက်ထားသည့် စင်ကာပူရောက် မြန်မာအလုပ်သမားအများစုသည် လုပ်ခလစာ ငွေကျပ် ၁၂ သိန်းနှင့်အထက်တောင်းကြောင်း CDC အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဒါရိုက်တာဦးလင်းထွန်းကပြောသည်။
ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသည့်အခါ နိုင်ငံခြားကုမ္ပဏီများအပါအ၀င် ပြည်တွင်းကုမ္ပဏီတို့၌ ကျွမ်းကျင်လုပ်သားများ ရှားပါးလာလျက်ရှိသောကြောင့် ပြည်ပရောက် ကျွမ်းကျင်မြန်မာအလုပ်သမားများအား ခေါ်ယူနိုင်ရန် စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်လပိုင်းက ပြည်တွင်းအလုပ်အကိုင်ပြပွဲကို ပထမအကြိမ်အဖြစ် သွားရောက်ကျင်းပခဲ့သည်။
အဆိုပါအလုပ်အကိုင်ပြပွဲသို့ စင်ကာပူနိုင်ငံရောက် မြန်မာသုံးထောင်ကျော် လာရောက်လေ့လာပြီး အလုပ်လျှောက်လွှာနှစ်ထောင်ကျော် လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
အလုပ်အကိုင်ပြပွဲပြီးနောက် အလုပ်လာလျှောက်သော အလုပ်သမားများထဲမှ အနည်းငယ်ကိုသာ အလုပ်ခန့်ရသေးပြီး ကုမ္ပဏီအများစုမှာ အင်တာဗျူးနေဆဲနှင့် အလုပ်ခန့်ရန် စဉ်းစားနေကြဆဲသာဖြစ်ပြီး တိုက်ရိုက်အလုပ်ခန့်ထားမှုမျိုးမရှိသေးကြောင်း သတင်းရရှိသည်။
“သူတို့ကို ချက်ချင်းအလုပ်ခန့်ဖို့က မလွယ်သေးဘူးလေ။ အင်တာဗျူးလုပ်ပြီး လစာတွေကို ညှိနှိုင်းနေကြတုန်းပဲရှိသေးတယ်။ အကယ်၍ ဒီဘက်မှာ ပြန်လုပ်မယ်ဆိုရင်လည်း သူတို့ဘက်က ဟိုဘက်ကအလုပ်ကြိုထွက်ဖို့ စာတင်ရတာတွေရှိတော့ ချက်ချင်းခန့်ဖို့မလွယ်သေးပါဘူး။ သူတို့ဘက်ကတော့ ခန့်မှန်းခြေတောင်းတာတော့ အမေရိကန်ဒေါ်လာတစ်ထောင်ကနေ နှစ်ထောင်လောက်ထိ တောင်းတယ်”ဟု စင်ကာပူအလုပ်အကိုင်ပြပွဲတွင် ပွဲစီစဉ်ခဲ့သူ CDC အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဒါရိုက်တာဦးလင်းကျော်ထွန်းကပြောသည်။
လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်သမားများ အမှန်တကယ်လုပ်ငန်းပိုင်းကျွမ်းကျင်ပါက ၎င်းတို့တောင်းဆိုကြသည့် လုပ်ခလစာနှုန်းထားအတိုင်းပေး၍ အလုပ်ခန့်ထားမှုများရှိနိုင်ကြောင်း သိရသည်။
“တချို့တော့ အင်တာဗျူးလုပ်တုန်းပါဘဲ။ ခန့်ထားဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ အဲဒါတော့ အုပ်ချုပ်မှုပိုင်းက ဆက်ပြီးလုပ်နေတာပေါ့။ လစာပိုင်းမှာ အများကြီးတောင်းတဲ့သူတွေလည်းပါသလို သူတို့ရဲ့လျှောက်လွှာမှာ ဒေါ်လာ ၁၂၀၀ တို့ ဘာတို့ရေးပြီး လျှောက်ထားတဲ့သူတွေလည်း ရှိပါတယ်။ အစ်မတို့ကတော့ သူတို့ကျွမ်းကျင်တဲ့အပေါ်မှာ မူတည်ပြီးတော့ ပေးတာပါ”ဟု စင်ကာပူနိုင်ငံ၌ အလုပ်အကိုင်ပြပွဲတွင် ပါဝင်ခဲ့သော Premium Distribution မှ Admin & HR မန်နေဂျာဒေါ်မေမျိုးအုန်းကပြောသည်။
ပြပွဲ၌ အလုပ်ခေါ်ယူရာတွင် ဈေးကွက်မန်နေဂျာ၊ အင်ဂျင်နီယာ၊ ဆော့ဖ်ဝဲရေးဆွဲသူ၊ စာရင်းကိုင် စသောရာထူးများပါဝင်သည်။
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမားအများစုမှာ ကျွမ်းကျင်လုပ်သားများဖြစ်သောကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ကို အခြားနိုင်ငံများရှိ လုပ်သားတို့ထက် အလုပ်ခေါ်ဆိုမှုပိုများသောကြောင့် စင်ကာပူနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ် အလုပ်အကိုင်ပြပွဲကို နိုဝင်ဘာလအတွင်းထပ်မံ၍ ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment